နက္ခတ္တဗေဒပညာ
နက္ခတ္တဗေဒပညာ ဆိုသည်မှာ
================
ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသူ အချို့တဝက်မှတစ်ပါး၊ အခြားသူများသည် ကမ္ဘာကြီး လုံးသည်/ ပြားသည်ကို စိတ်မဝင်စား၊ အလေးထားခြင်းလည်း မရှိ။ ၂၃° ၂၇´ ဒီဂရီ တိမ်းစောင်းပြီး မိမိဝင်ရိုးပေါ်မှာ သူ့ဟာသူ၊ လည်ချင်လည်၊ ကိုယ်နှင့်မဆိုင် သကဲ့သို့ နေလာကြသည်။
ကျွန်ုပ်တို့ နေအဖွဲ့အစည်းတွင် ကမ္ဘာမြေနှင့် အရံဂြိုဟ်လတို့သည် နေကို ဗဟိုပြု၍ မိမိတို့ ပတ်လမ်းကြောင်းအတိုင်း စဉ်ဆက်မပြတ် ရွေ့လျားလှည့်ပတ် နေကြတာ ဆိုလည်း တွေးထင်သိမြင်သူ နည်းပါးကြသည်။
'နေ'နှင့် ကမ္ဘာမြေ အကြားတွင် ၄ဟူးဂြိုဟ်နှင့် ၆ကြာဂြိုဟ်၊ ကမ္ဘာမြေဂြိုဟ်၏ အပြင်ဘက်တွင် ၃င်္ဂါဂြိုဟ်၊ ၅တေးဂြိုဟ်၊ ဝနေဂြိုဟ် တို့သည်လည်း နေကိုဗဟိုပြု၍ မိမိတို့ ပတ်လမ်းကြောင်းအတိုင်း ရွေ့လျား လှည့်ပတ်နေ ကြသည်။
ဤကဲ့သို့ အာကာသရုပ်ဝတ္ထုဒြပ်များ ရွေ့လျား လှည့်ပတ်နေခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်သူ လူသားများနှင့် ဘယ်လိုများ ဆက်စပ် လွှမ်းမိုးနေသလဲ?
-------------------------
ကမ္ဘာမြေသည် ၂၃°၂၇´ ဒီဂရီ တိမ်းစောင်းလျက် မိမိဝင်ရိုးပေါ် တစ်ပတ်ပြည့်၊ လှည့်လည်သော အချိန်ကာလ တစ်နေ့နှင့် တစ်ညတာ ကာလကို တစ်ရက်တာ ကာလဟု သတ်မှတ်သည်။ 'နေ' နှင့် မျက်နှာချင်းဆိုင် အလင်းရောင်ရှိသော အပိုင်းကို 'နေ့တာ'၊ အလင်းရောင်မရှိသော အပိုင်းကို ညတာဟု သတ်မှတ်သည်။ ရှေးအခါက ပထမနေထွက်ချိန်မှ ဆက်တိုက် ဒုတိယနေထွက်ချိန်အထိ ကာလကို သာဝန တစ်ရက်ဟု သတ်မှတ်သည်။ ခေတ်စနစ် ပြောင်းလဲလာသောအခါ တစ်ရက်တာကာလကို စက်နာရီ ၂၄နာရီနှင့် သတ်မှတ်ထားသည်။
ကမ္ဘာမြေနှင့်အတူ အရံဂြိုဟ် 'လ'သည်လည်း နေကို ဗဟိုပြုကာ မိမိပတ်လမ်းကြောင်းအတိုင်း ရွေ့လျားလှည့်ပတ်ရာ 'လ'သည် ၁၂ရာသီစက်ဝိုင်းကို တစ်ပတ်ပြည့် လှည့်ပတ်ချိန်ကို တစ်လတာ ကာလဟု သတ်မှတ်သည်။ နေနှင့်ကမ္ဘာတို့အကြား လဝင်ရောက်၍ တဖြောင့်တည်း ဖြစ်ချိန်သည် လကွယ်ချိန် ဖြစ်သည်။
နေနှင့် ကမ္ဘာ့အပြင်ဘက် တစ်ဖြောင့်တည်းဖြစ်ချိန်သည် လပြည့်ချိန်၊ ပထမလကွယ်ချိန်မှ ဆက်တိုက် ဒုတိယလကွယ်ချိန်၊ (သို့မဟုတ်) ပထမလပြည့်ချိန်မှ ဆက်တိုက် ဒုတိယလပြည့်ချိန် အတွင်းကို တစ်လတာ ကာလဟု သတ်မှတ်သည်။ သို့ဖြစ်၍ လဆန်းပက္ခနှင့် လဆုတ်ပက္ခ ဟူ၍ တစ်လလျှင် ၂ပက္ခ ရှိသည်။
ကမ္ဘာမြေဂြိုဟ်သည် နေကိုဗဟိုပြု၍ မိမိပတ်လမ်းကြောင်းအတိုင်း ရွေ့လျား လှည့်ပတ်ရာ တစ်ပတ် ပြည့်သော ကာလကို တစ်နှစ်တာကာလဟု သတ်မှတ်သည်။
ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် တစ်ပတ်ပြည့် လှည့်လှည်သော ကာလကို တစ်နေ့။
'လ'သည် ရာသီစက်ဝန်းကို တစ်ပတ်ပြည့် လှည့်ပတ်သော ကာလကို တစ်လ။
ကမ္ဘာမြေသည် နေကိုဗဟိုပြု၍ မိမိပတ်လမ်းကြောင်းအတိုင်း ရွေ့လျား လှည့်ပတ်ရာ တစ်ပတ်ပြည့်သော ကာလကို တစ်နှစ်။
ဤကဲ့သို့ နေ၊ လ၊ ကမ္ဘာ၊ အာကာသရုပ်ဝတ္တုဒြပ်များ ရွေ့လျား လှည့်လည်၊ လှည့်ပတ်ရာမှ၊ နေ့ရက်၊ လ၊ နှစ် စသော အချိန်ကာလများ ဖြစ်ပွားရသည်။
တိုက်စား၊ လွန်မြောက်၊ ကုန်ဆုံးတတ်သော သဘာဝရှိသည့် အချိန်ကာလဟူသော ပညတ်တရားသည် လောကအားလုံးကို ဖျက်စီးစေသည်။
ထို့ကြောင့် လူ့ဘဝ မွေးဖွားသည်မှ၊ သေဆုံးသည်အထိ ဖြစ်ပျက်သမျှတို့သည် အချိန်ကာလ ဟူသော အတိုင်းအတာ တစ်ခုအောက်၌သာ ဖြစ်ပွားရသည်။
အချိန်ကာလ မရှိလျှင်၊ အဖြစ်အပျက်သည် မရှိနိုင်။ မသိနိုင်ပါ။
နက္ခတ္တဗေဒပညာရပ်သည် အဆိုပါ အချိန်ကာလကို၊ လူသားအဖြစ် သတ်မှတ် ပြောင်းလဲ၍၊ အခါလူသား (TIME PERSONIFIED) အနေနှင့် လေ့လာသော ပညာရပ် ဖြစ်သည်။
အချိန်ကို မည်သူမှ စိန်ခေါ်နိုင်ခြင်း မရှိပါ။ ။
မှတ်ချက်။ ။ နက္ခတ္တဗေဒပညာရပ်သည် ကြွေစေ့၊ ဖဲချပ်၊ အရုပ်ကားချပ်၊ စာကလေး ဆွဲပြသော ကတ်ပြားအရ ဟောပြောသော ပညာရပ် လုံးဝမဟုတ်ပါ။ Astrologer နှင့် Fortuneteller မှာ ကွဲပြား ခြားနားပါသည်။ ။
ဒေါက်တာကံညွန့်
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
83 people have read this article.